အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊
မြိတ်မြို့၊ ကျောင်းသမိုင်း အစဉ်အဆက်
ဒုတိယ အင်္ဂလိပ်-မြန်မာစစ်အပြီးတွင် တနင်္သာရီတိုင်း၊
ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းတို့ကို စုပေါင်းပြီး ဗြိတိသျှမြန်မာနိုင်ငံဟု တည်ထောင်ခဲ့သည်။
တနင်္သာရီတိုင်းအား (၄)ခရိုင်ခွဲရာ ကျိုက္ခမီ၊ ရွှေကျင်၊ ထားဝယ် နှင့် မြိတ် တို့ဖြစ်သည်။
၁၈၇၀-၇၁ ခုနှစ်တွင် ဗြိတိသျှမြန်မာနိုင်ငံတော် အစိုးရကျောင်းများအဖြစ် ကျောင်း (၇)ကျောင်းမျှသာ
ရှိသေးရာ ၄င်းတို့အနက် မြိတ်မြို့တွင် အစိုးရအလယ်တန်းကျောင်းအဖြစ် ဖွင့်လှစ်ပေးခဲ့သည်။
ကျောင်းတည်နေရာမှာ ယခင် ခရိုင်ရဲရုံးနေရာဖြစ်သည်။ အဆိုပါကျောင်းကို ၁၉၀၈ ခုနှစ်တွင်
အထက်တန်းကျောင်းအဖြစ် တိုးချဲ့ဖွင့်လှစ်ပေးခဲ့သည်။
၁၉၁၄-၁၆ ခုနှစ်တွင် ကျောင်းအုပ်ဆရာကြီးမှာ
မစ္စတာသီအိုဖီးလစ်ဖြစ်သည်။ ၁၉၁၆ ခုနှစ်တွင် ယခု မဉ္ဖူဆောင်နေရာ၌ သစ်သားနှစ်ထပ်ကျောင်းဆောင်ကြီးကို
ဆောက်လုပ်ခဲ့သည်။ အင်္ဂလိပ်အစိုးရ အထက်တန်းကျောင်းအဖြစ် ဖွင့်လှစ်ခဲ့သည်။ ထိုခေတ်ကျောင်းအုပ်အဆင့်ဆင့်မှာ
မစ္စတာဘရီးတိုး၊ ဖန်နင်းဒစ်၊ လီယိုမင်းခီတို့ဖြစ်သည်။ ထိုမှတစ်ဆင့် အင်္ဂလိပ်-မြန်မာ အစိုးရအထက်တန်းကျောင်း
ဖြစ်ပြီးနောက် အမှတ်(၁)အစိုးရ အထက်တန်းကျောင်း ဖြစ်လာခဲ့သည်။ ၁၉၄၁ခုနှစ် ကျောင်းပိတ်ပြီးနောက်
၁၉၄၂ ခုနှစ်တွင် အမျိုးသားကျောင်းဟူ၍ ခေါ်တွင်ပြီး ကျောင်းအုပ်ဆရာကြီးမှာ ဦးမောင်ခင်ဖြစ်ပါသည်။
၁၉၄၅ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနိုင်ရန် စာစစ်ဌာနရရှိအောင် ဆောင်ရွက်ပေးခဲ့သည်။
မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်တွင် တည်ရှိသော
အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသည် ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီ ဗြိတိသျှအစိုးရလက်ထက်ကပင်
ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၅၅ ခုနှစ်တွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းကို စတင်ဖွင့်လှစ်သည့်အခါတွင်
ယခင်အထက်တန်းကျောင်းကို အမှတ်(၁)အထက်တန်းကျောင်းအဖြစ် သတ်မှတ်အမည်ပေးခဲ့ပါသည်။
ကျောင်းမြေအကျယ်အ၀န်းမှာ (၄.၅၆၂)ဧကကျော်ရှိပြီး
ယခုလက်ရှိ အခြေအနေထိ ကောင်းလာစေရန် ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊
မြို့မိမြို့ဘများ မည်သို့ ကြိုးပမ်းခဲ့သည်ကို သိရှိစေရန် ဤစာတမ်းကို ပြုစုရပါသည်။
ယခုလက်ရှိအခြေအနေကို သိရှိပြီး လိုအပ်သော
လမ်းညွှန်မှု၊ အကြံပြုမှုများ ပေးနိုင်ရန် ရည်ရွယ်ပါသည်။
*****=*****
မြိတ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းကို
ပထမကမ္ဘာစစ်မဖြစ်မီကတည်းက အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်းအဖြစ် ဖွင့်လှစ်သင်ကြားခဲ့ပါသည်။
ထိုစဉ်က ပညာသင်ကြားသည့် ကျောင်းသားဦးရေ နည်းပါးလှသည်။ စစ်ပြီး၍ ကျောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ
ကျောင်းသားဦးရေ (၅၀၀)ခန့်သာရှိပြီး ကျောင်းအုပ်ဆရာကြီးမှာ မစ္စတာဘာနာဂျီဖြစ်လေသည်။
စစ်ပြီးခါစ ပြန်လည် ရောက်ရှိလာသော ကျောင်းသားများကို စုစည်း၍ သင်ကြားရခြင်းဖြစ်သည်။
ကျောင်းအုပ်ကြီး မစ္စတာဘာနာဂျီ ပြောင်းရွှေ့သွားပြီးနောက်
ကျောင်းတိုးတက်ရာ တိုးတက်ကြောင်းကို အဖက်ဖက်မှ ကြိုးစားဆောင်ရွက်လျက်ရှိစဉ် ကျောင်းအုပ်ကြီး
ဦးအင်ဒိ ရောက်ရှိလာ သည်။ ကျောင်းသားဦးရေမှာ ယခင်ကထက် ပိုမိုများပြားလာပါသည်။
၁၉၅၀ ခုနှစ်တွင် ကျောင်းအုပ်ဆရာကြီးအဖြစ်
ဦးသောင်းထွန်း ရောက်ရှိလာပြီး ၁၉၅၆ ခုနှစ်အထိ (၆)နှစ် အမှုထမ်းခဲ့ပါသည်။ ထိုအချိန်တွင်
မြိတ်မြို့၌ အထက်တန်းကျောင်းဆောင်ကို တိုးမြှင့် ဖွင့်လှစ်ထားသဖြင့် အမှတ်(၁)အထက်တန်းကျောင်း
ဖြစ်လာသည်။ ကျောင်းသားဦးရေမှာလည်း အဆမတန်တိုးတက်များပြားလာ၍ ပြည်တော်သာ နှစ်ထပ်ကျောင်းဆောင် (E ပုံသဏ္ဍာန်၊ အုတ်တိုက်-အုတ်ကြွပ်မိုး)
တစ်ဆောင်ကို ၁၉၅၆ ခုနှစ်၌ ဆောက်လုပ် ပြီးစီးခဲ့ပါသည်။ (ယခုလက်ရှိ စံပယ်ဆောင်ဖြစ်သည်)
ဆရာကြီး ဦးသောင်းထွန်း ပြောင်းရွှေ့သွားပြီး
ကျောင်းအုပ်ဆရာကြီးအဖြစ် ၁၉၅၆ ခုနှစ်တွင် ဆရာကြီးဦးတင်ထွန်း ရောက်ရှိလာ၍ ၁၉၆၂ ခုနှစ်အထိ
အုပ်ချုပ်ခဲ့ပါသည်။
ကျောင်းအုပ်ဆရာကြီး ဦးတင်ထွန်းလက်ထက်တွင်
ယခင်ကျောင်းဆောင်များကို ဆက်လက်၍ ပြုပြင်ဆောင်ရွက်ခဲ့သည့်အပြင် ဆရာ/ဆရာမများ၏ ကျောင်းကပွဲ
ရန်ပုံငွေဖြင့် ကျောင်းခြံစည်းရိုး အုတ်တံတိုင်းကို ကာရံနိုင်ခဲ့သည်။
ကျောင်းအုပ်ဆရာကြီး ဦးတင်ထွန်း ပြောင်းရွှေ့သွားသောအခါ
အထက(၂)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်လှဆွေ ပြောင်းရွှေ့လာပြီး ၁၉၆၂ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ
(၁၃)နှစ်ခန့် တာဝန်ယူ အုပ်ချုပ်ခဲ့ပါသည်။ ထိုကာလအတွင်း ၁၉၇၂ ခုနှစ်တွင် မြိတ်အရှေ့မြို့နယ်
ပညာရေးမှူး အဖြစ်လည်း ပူးတွဲ တာဝန်ထမ်းဆောင်ခဲ့ရပါသည်။
၁၉၆၅ ခုနှစ်လောက်တွင် ကျောင်းသား၊ ကျောင်းသူများ
အားကစားကို ထိထိရောက်ရောက် လေ့ကျင့်နိုင်ရန် မိုးလုံ၊ လေလုံ အားကစားရုံကြီးကို ကိုယ်ထူကိုယ်ထ
မိဘဆရာအသင်းမှ ဆောက်လုပ် ပြီးစီးခဲ့ပါသည်။
ကျောင်းအုပ်ဆရာမကြီး ဒေါ်လှဆွေ လက်ထောက်တိုင်းပညာရေးမှူးအဖြစ်မှ
ရာထူးတိုးမြှင့် ပြောင်းရွှေ့သွားသည့်အခါ အထက(၃)မှ ကျောင်းအုပ်ဆရာမကြီး (မြိတ်အရှေ့မြို့နယ်ပညာရေးမှူး)
ဒေါ်သန်းရှင် အထက(၁)သို့ ကျောင်းအုပ်ဆရာမကြီးအဖြစ် ပြောင်းရွှေ့တာဝန်ယူထမ်းဆောင်ခဲ့ပြီး
၁၉၇၅ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ (၅)နှစ်ခန့် ကြာခဲ့ပါသည်။
ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းရှင်လက်ထက်တွင်
မိုးလုံလေလုံအားကစားရုံကြီး၏ ထပ်မံ လိုအပ်ချက်များကို ဖြည့်စွက်ပြုပြင်ပြီး သက်တမ်း(၆၅)နှစ်ကျော်၍
ဆွေးမြေ့ပျက်စီးနေသော စစ်ရေးခေတ် ကျောင်းဆောင်ကြီးကို (၂၅-၅-၁၉၇၉)နေ့တွင် ဖျက်၍၊ ထိုစဉ်ကာလတန်ဖိုး
ငွေကျပ်(၂၁)သိန်းခန့် ကုန်ကျသည့် (၁၈)ခန်းတွဲ အုတ်တိုက်သွပ်မိုး(၃)ထပ်ဆောင်ကို (၁၉-၁၁-၁၉၇၉)နေ့တွင်
အုတ်မြစ်ချ ဆောက်လုပ်ခဲ့ပါသည်။ (ယခုမဉ္ဇူဆောင် ဖြစ်ပါသည်)။
ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းရှင် လ/ထတိုင်းပညာရေးမှူးအဖြစ်
ထားဝယ်မြို့သို့ ရာထူးတိုးမြှင့် ပြောင်းရွှေ့သွားပြီးနောက် ၁၉၇၉ခုနှစ်မှ ၁၉၈၀ခုနှစ်အထိ
ကျောင်းအုပ်ဆရာကြီး ဦးကျော်စိုး ပြောင်းရွှေ့လာ၍ ဆက်လက်တာဝန်ယူ အုပ်ချုပ်ခဲ့ပါသည်။
(မြို့နယ်ပညာရေးမှူး၊ မြိတ်အရှေ့ ပူးတွဲ၍)။ ဆရာကြီးဦးကျော်စိုး လက်ထက်တွင် ယခင်ကျောင်းဆောင်များတွင်
ပျက်စီးယိုယွင်းနေသည်များကို ထပ်မံ ဆောင်ရွက် ပြုပြင်ခဲ့ပါသည်။
ဆရာကြီး ဦးကျော်စိုး (မြိတ်အရှေ့မြို့နယ်
ပညာရေးမှူးနှင့် ကျောင်းအုပ်)ပူးတွဲအုပ်ချုပ်နေစဉ် မြို့နယ်ပညာရေးမှူးအဖြစ် သီးသန့်ခန့်
ခွဲခြား၍ တာဝန်ပေးအပ်လိုက်သည့်အခါ အထက(၁)တွင် ကျောင်းအုပ်ကြီးအဖြစ် ဆရာကြီး ဦးဘသောင်းအား
(၁၉၈၁)ခုနှစ်တွင် ပြောင်းရွှေ့ခန့်ထားလိုက်ပါသည်။
ဆရာကြီး ဦးဘသောင်း အုပ်ချုပ်နေစဉ်ကာလတွင်
ကျောင်းသားဦးရေ အဆမတန် ပိုမိုများပြား လာပါသဖြင့် တစ်သုတ်တက်ကျောင်း ဖြစ်မြောက်ရေးအတွက်
ယိုင်ကာပြီး၊ ဓနိမိုး(Lပုံသဏ္ဍာန်) ကျောင်းဆောင်သစ် တစ်ဆောင်နှင့် (၃)ခန်းတွဲတစ်ဆောင်ကို
(၁၉၈၂)ခုနှစ်လောက်တွင် ယာယီ အသုံးပြုရန် ဆောက်လုပ်ခဲ့ပါသည်။
၁၉၈၄ ခုနှစ်တွင် (အုတ်တိုက်-သွပ်မိုး)နှစ်ထပ်ဆောင်
(၁၂)ခန်းတွဲကို ပညာရေးဌာန၏ ရန်ပုံငွေဖြင့် ဆောက်လုပ်ရေးကော်ပိုရေးရှင်းမှ ထပ်မံတိုးချဲ့ဆောက်လုပ်ခဲ့၍
ယခုပဉ္စမတန်း(၁၈)ခန်းနှင့် အဋ္ဌမတန်း(၂)ခန်း ပညာသင်ကြားလျက် ရှိပါသည်။ ကျောင်းသားကျောင်းသူ
အလွယ်တကူ သယ်ယူ သောက်သုံးနိုင်ရန်အတွက် ရေသိုလှောင်ကန်များကို ပြုလုပ်ပေးခဲ့ပါသည်။
ဆရာကြီးဦးဘသောင်း (၁၉၈၄)ခုနှစ်တွင်
ပြောင်းရွှေ့သွားပြီးနောက် ရန်ကုန် ဆရာအတတ်သင် သိပ္ပံမှ လက်ထောက်ကထိက ဆရာမတစ်ဦးအား အထက(၁)သို့
ကျောင်းအုပ်ဆရာကြီးအဖြစ် ရာထူးတိုး ပြောင်းရွှေ့ခန့်ထားလိုက်သော်လည်း ကျန်းမာရေးအခြေအနေကြောင့်
အလုပ်မ၀င်ရောက် နိုင်ခဲ့သဖြင့် မြို့နယ် ပညာရေးမှူး ဦးကျော်စိုးအား (၁)နှစ်ခန့် ကျောင်းအုပ်တာဝန်ကို
ပူးတွဲဆောင်ရွက်ရန် တိုင်းပညာရေးမှူး၊ ထားဝယ်မြို့နယ်မှ တာဝန်ပေးခဲ့ပါသည်။
ထို့နောက် (၁၉၈၄)ခု၊ ဒီဇင်ဘာလလောက်တွင်
မွန်ပြည်နယ်၊ မုဒုံမြို့နယ် အလက(ကော့ခမယ်)မှ အလယ်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လှကြည်အား
အထက(၁)သို့ ကျောင်းအုပ်ကြီးအဖြစ် ရာထူးတိုး ပြောင်းရွှေ့ခန့်ထားလိုက်ပါသဖြင့် (၁၉၈၄)မှ
(၁၉၈၇)ထိ (၃)နှစ်ကျော်ကာလ တာဝန်ထမ်းဆောင် အုပ်ချုပ်ခဲ့ပါသည်။ ဆရာမကြီး ဒေါ်ခင်လှကြည်လက်ထက်တွင်
ကျောင်းသားဦးရေ များပြားလာသည့်အပြင် ဆရာ/မများ လည်း များပြားလာပါသည်။ ယိုယွင်းပျက်စီးနေသော
ကျောင်းဆောင် များ မွမ်းမံပြင်ဆင်ခဲ့ပါသည်။
ဆရာမကြီး ဒေါ်ခင်လှကြည် ပြောင်းရွှေ့သွားပြီးနောက်
ကျောင်းအုပ်ချုပ်ရေးတွင် လစ်လပ်နေပါသဖြင့် လက်ထောက်တိုင်းပညာရေးမှူး ဦးဦးမြင့်အား
(၃၁-၁-၁၉၈၇)မှ (၁၃-၁၂-၁၉၈၇)ထိ တိုင်းပညာရေးမှူး၊ တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ ခေတ္တ
တာဝန်ပေးအပ်ခဲ့ပါသည်။
၁၉၈၇ ခု၊ ဒီဇင်ဘာလလောက်တွင် မွန်ပြည်နယ်၊
အထက(၁)၊ ရေးမှ ဆရာကြီးဦးငွေအောင်အား အထက(၁)မြိတ်သို့ ပြောင်းရွှေ့ခန့်ထားလိုက်ပါသည်။
ဆရာကြီး တာဝန်ယူနေသည့် ကာလတွင် မပြီး မပြတ်သေးသည့် သုံးထပ်ဆောင်အား အပြီးသတ်ဆောက်လုပ်၍
(၇-၁-၁၉၉၀)ပြည့်နှစ်တွင် ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် အပ်ပွဲကို ကျင်းပပြုလုပ်ပေးခဲ့သည်။
ပညာရေးဌာန၏ ရန်ပုံငွေဖြင့် ဆောက်လုပ်ရေးကော်မရှင်မှ ပြည်တော်သာဆောင်နှင့် (၃)ထပ်ဆောင်တို့တွင်
သံဇကာ ကာပြီး ကျောင်းခန်းများ လုံခြုံစေရန် ဆောင်ရွက်ခဲ့ပါသည်။ (E ပုံသဏ္ဍာန်) ပြည်တော်သာဆောင်အား
စံပယ်ဆောင်၊ သုံးထပ်ဆောင်အား မဉ္ဇူဆောင်၊ (၆)ခန်းတွဲ မူလတန်းဆောင်အား ငုဝါဆောင် (ယခု
Multimedia ဆောင်)၊ (၁၂)ခန်းတွဲဆောင်အား ခေတ္တာဆောင် (ယခုသဇင်ဆောင်)ဟူ၍ အမည်ပေးခဲ့ပါသည်။
ယိုယွင်းပျက်စီးလုဖြစ်နေသော အားကစားရုံကြီးအားလည်း
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့၊ အတွင်းရေးမှူး(၂) ဗိုလ်ချုပ်တင်ဦး၏
၁၉၉၀ ပြည့်နှစ်၊ ဧပြီလ မြိတ်ရောက်နေစဉ်က ချမှတ်ပေးသော ငွေကျပ်(၄)သိန်းဖြင့် မွမ်းမံပြင်ဆင်ဆောက်လုပ်နေဆဲတွင်
ဆရာကြီးဦးငွေအောင်အား ပြောင်းရွှေ့အမိန့် ရောက်ရှိလာပါ၍ ၁၉၉၀ ပြည့်နှစ်၊ ဇွန်လကုန်တွင်
ပြောင်းရွှေ့သွားခဲ့သည်။
(၃၀-၇-၁၉၉၀)နေ့မှစ၍ အထက(၁)ကျောင်းအုပ်တာဝန်ကို
ဆက်လက်တာဝန်ထမ်းဆောင်ရန် ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ အလက(တာဝရေတံခါး)မှ ရာထူးတိုးပြောင်းရွှေ့လာသော
ကျောင်းအုပ် ဆရာကြီး ဦးအောင်မြင့်သိန်းရောက်ရှိ လာပါသည်။ ဆောက်လုပ်ဆဲဖြစ်သော အားကစားရုံကြီးကိုလည်း
ဆက်လက်ဆောက်လုပ် ခဲ့ပါသည်။ ၁၉၉၇ခုနှစ်၊ ဖေဖော်ဝါရီ(၁)ရက်နေ့၌ နိုင်ငံတော်အစိုးရ မှ
မတည်ပေးခဲ့သော ရန်ပုံငွေ(၁၂)သိန်းဖြင့် ကံ့ကော်ဆောင်အမည်ရှိ (၄)ခန်းတွဲ နှစ်ထပ်ကျောင်းဆောင်နှင့်
ကွန်ပျူတာနှစ်ထပ်ဆောင် ခန့်မှန်း(၈၄)သိန်းတန်ကို တည်ဆောက်ပေးခဲ့ပါသည်။ ဤအဆောင်အတွက်
(၁၄၃)သိန်း ကုန်ကျခဲ့ပါသည်။
(၃၀-၅-၂၀၀၀)နေ့တွင် ဆရာကြီးဦးအောင်မြင့်သိန်း
အငြိမ်းစားယူခဲ့သည်။ ထိုနောက် အလက(၃)မှ ကျောင်းအုပ်ဆရာကြီး ဦးတင်မောင်ဆွေက (၁-၆-၂၀၀၀)ခုနှစ်တွင်
ရာထူးတိုးပြောင်းရွှေ့လာခဲ့ပါသည်။ ဆရာကြီးဦးတင်မောင်ဆွေသည်
(၆-၉-၂၀၁၂)တွင် သက်ပြည့်ပင်စင်ယူသည်အထိ တာဝန်ထမ်းဆောင် ခဲ့ပြီး သိပ္ပံတစ်ထပ်ဆောင်(အုပ်ညှပ်)(နိုင်ငံတော်ဘတ်ဂျက်)၊
Multimedia ဆောင် (အုတ်ညှပ်) (မိဘအလှူရှင်များ) (ယခင်က ငုဝါဆောင် ဓနိမိုးကို ပြန်လည်မွမ်းမံဆောက်လုပ်ခြင်း)နှင့်
မူကြို ဆောင်(၅)ခန်းတွဲ (ကိုယ်ထူကိုယ်ထ+မိဘအလှူရှင်)တို့ကို တည်ဆောက်ပြုပြင်ပေးခဲ့ပါသည်။
ဆရာကြီး ဦးတင်မောင်ဆွေ ပင်စင်ယူပြီးနောက်(၆)လခန့်ကို တာဝန်ခံကျောင်းအုပ်အဖြစ် အထက်တန်းပြ
ဆရာမ ဒေါ်အေးနွဲ့က တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင် အထက(ကျွန်းစု)မှ
ကျောင်းအုပ်ကြီး ဦးဝင်းဟိန်သည် အထက(၁)မြိတ်သို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့ပါသည်။
ဆရာကြီး ဦးဝင်းဟိန်သည် ၂၀၁၄ ခုနှစ်
ဧပြီလတွင် မြိတ်ခရိုင် ပညာရေးမှူးရုံးသို့ လ/ထ ညွှန်မှူးအဖြစ် ရာထူးတိုး ပြောင်းရွှေ့သွားခဲ့ပြီး
အထက(၁)မြိတ်သို့ အထက(စခန်းသစ်)မှ ကျောင်းအုပ်ကြီး ဦးမြင့်အောင်က ပြောင်းရွှေ့တာဝန်ယူ
ဆောင်ရွက်ခဲ့ပါသည်။
၂၀၁၅ ခုနှစ် ဇွန်လတွင် ဆရာကြီးဦးမြင့်အောင်သည်
မြိတ်ခရိုင် ပညာရေးမှူးရုံးသို့ လ/ထညွှန်မှူးအဖြစ် ရာထူးတိုး ပြောင်းရွှေ့သွားခဲ့သဖြင့်
ဤကျောင်းသို့ မြိတ်မြို့ အထက(၃)မှ ကျောင်းအုပ်ကြီး ဒေါက်တာသင်းသင်းခိုင် (၁-၇-၂၀၁၅)မှ
စတင်၍ ပြောင်းရွှေ့တာဝန်ယူ ထမ်းဆောင်လျက် ရှိပါသည်။
No comments:
Post a Comment